ကျောက်တန်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)နှင့် မြစိမ်းရောင် ရန်ပုံငွေစီမံကိန်း ကျေးရွာများရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်သက်သက်မူတို့က အမှာစကားများ အသီးသီး ပြောကြားပြီး ကျောက်တန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ်က ကျေးရွာစီမံကိန်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)နှင့် မြစိမ်းရောင်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများကို ရွေးချယ်ရာ အမှန်တကယ် ဖွံ့ဖြိုးမှုအားနည်းပြီး ခက်ခဲသည့် ကျေးရွာများ ဖြစ်သည့် ကြာကန်ဒိတ်၊ ရေကျော်၊ဘုံလုံ၊ သံတဲ၊ ဇွဲကနာ(မြကျွန်းသာ)၊ ရွှေပြည်သစ်ကျေးရွာနှင့် ကျုံချိုက် ကျေးရွာ(၇)ရွာကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဆောင်ရွက်ရန်လည်းကောင်း၊ ခနောင် အနောက်ကျေးရွာအား မြစိမ်းရောင်ရန်ပုံငွေစီမံကိန်းဆောင်ရွက်ရန်အတွက် လည်း ကောင်း ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)