မိုးညှင်း ဇန်နဝါရီ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ကြသည့် ရုံးဝန်ထမ်းများနှင့် အောက်ခြေဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုတို့က အဖွင့်အမှာစကားများပြောကြားကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ရှိန်က မိမိဝန်ထမ်းများ စားဝတ်နေရေး အတွက် သက်သာချောင်ချိမှုရှိစေရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ပင်ပင်ပန်းပန်းဖြင့် ဆောင်ရွက်ကြသူများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရုံးဝန်ထမ်း (၃၉) ဦးအတွက်ဆီနှင့် ကြက်ဥကိုလည်းကောင်း၊ အောက်ခြေဝန်ထမ်းများဖြစ်ကြသည့် စိမ်းလန်းစိုပြေရေးလုပ်သား၊ ဈေးညစောင့်လုပ်သားနှင့် သန့်ရှင်းရေးလုပ်သား စုစုပေါင်း (၃၆) ဦးအတွက်ဆန်၊ ဆီနှင့်ကြက်ဥစသည်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း