ကျောက်မဲ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ Quarantine Center တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည့် အသက် ၂၅ နှစ်ရှိ ယာဉ်မောင်းတစ်ထံမှ ယမန်နေ့က ကိုဗစ်၁၉ ရောဂါပိုး တွေ့သောကြောင့် ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စုစုပေါင်း ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့ လူနာသည် ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာအုပ်စု၊ ပန်းပေါင်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး မူဆယ်မှယာဉ်မောင်း ပိုးတွေ့လူနာနှင့် အောက်တိုဘာ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ ထိတွေ့ခဲ့ဖူးသူဖြစ်သည်။ အောက်တိုဘာ ၉ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင်၌ ကိုဗစ်၁၉ ပိုးရှိ/မရှိ RDT Antigen Test ဖြင့် စစ်ဆေးစဉ် ပိုးမတွေ့ (Negative) သောကြောင့် မန္တလေး၊ တောင်ကြီးစသည့် ဒေသများသို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်နေခဲ့သည်။ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းခန့်က ကျောက်မဲမြို့သို့ ပြန်လည် ရောက်ရှိလာပြီး ပန်းပေါင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ ၃ ရက်တာ နေထိုင်ခဲ့ကာ အောက်တိုဘာ ၂၃ ရက်နေ့မှ ကျောက်မဲမြို့၊ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းရှိ Quarantine Center တွင် ဝင်ရောက်နေထိုင်ခဲ့သည်။ ၎င်း၏ ဓါတ်ခွဲနမူနာများကို ရယူ၍ အောက်တိုဘာ ၂၆ ရက်နေ့က စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းပိုးတွေ့လူနာ၏ နေအိမ်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့သူ ၁၀ ဦးကို အမှတ် ၃ အခြေခံပညာအလယ်တန်းကျောင်း၌ ထားရှိ၍ အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် စုစုပေါင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၆ ဦးရှိပြီဖြစ်ပြီး ၃ ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)