၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်

ရန်ကုန် ဇန်နဝါရီ ၂                             

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို ယနေနံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှသင်တန်းသားဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်ရိုးသစ်တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံသစ်အရ ပါမောက္ခများမှဘာသာရပ်သင်တန်းများဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားလာစေရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရဦးရေများပြားလာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုတက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းမှာလည်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများကိုတက္ကသိုလ်မှဆရာကြီး၊ ဆရာမကြီးများကတိုက်ရိုက်ပို့ချဆွေးနွေးပြီး သင်ကြားရေးမှာတွေ့ရှိရတဲ့ သင်ခန်းစာအခက်အခဲများကို ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချိုချိုမြတ်အောင်က ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေဌာနပေါင်း (၈၃)ခုမှဖြေဆိုသူကျောင်းသား၊ ကျောင်းသူပေါင်း(၂၃၈၀၇)ဦးအနက် အောင်မြင်သူ(၁၅၂၈၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း(၆၄.၂၀)ရာခိုင်နှုန်းရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ဝင်ရောက်ဖြေဆိုမည့် ကျောင်းတွင်းဖြေကျောင်းသား၊ ကျောင်းသူ (၁၆၃၂၉)ဦးနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၂၄၄၆)ဦး စုစုပေါင်း(၁၈၇၇၅)ဦးခန့်ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီး စာစစ်ဌာန(၇၃)ခုရှိကြောင်း သိရသည်။

ယနေ့ဖွင့်လှစ်သည့် ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဘာသာရပ်ဆွေးနွေးပွဲသင်တန်းသို့ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမ(၃၃၉၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ဇန်နဝါရီ (၂)ရက်မှ (၅)ရက်အထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)