စစ်တွေ ဇန်နဝါရီ ၂
ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းသည် ရခိုင်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံး၊ ခရိုင်ရုံး(၃)ရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ)တို့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သည့် တိုးတက်ကောင်းမွန်သော စီးပွားရေးမောင်းနှင်အားကို မဏ္ဏိုင်ပြု၍ MSMEs စက်မှုလက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သည့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟူသော ဦးတည်ချက်ကို များစွာအထောက်အကူပြုသည့် စီမံကိန်း လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများကို ပေးအပ်ရာ ဆပ်ပြာရည်ထုတ်လုပ်ခြင်းသင်တန်း၊ လက်ရက်ကန်းနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတို့မှ သင်တန်းသားများကိုယ်စားက လက်ခံကြ၍လုပ်ငန်းထူထောင်မည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံး ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူး မဟာပဋ္ဌာန်းဒေသနာတော်နှင့် ဥပ်ပါတသန်တိပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္နာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ၍ စစ်တွေမြို့ လောကာနန္ဒာစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ စစ်တွေမြို့ ဒက္ခိဏာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တမေဃိယက အနုမောဒနာဂါထာဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပရိယတ္တိစာသင်တိုက်များနှင့် ကျောက်းတိုက်အသီးသီးတို့အား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ပဓာနနယာက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ရခိုင်ပြည်နယ် သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူးဦးထွန်းမြင့်ဦးက ပင့်ဖိတ်ထားသော နတ်ဗြဟ္ဗာများအားပြန်ပို့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်သည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်၊ငွေလုံးငွေရင်းအသုံးစရိတ် ခန့်မှန်းခြေစာရင်းများ ရေးဆွဲရာတွင် နှစ်လိုက်ဘဏ္ဍရေးမူဘောင်၏ ညွှန်းကိန်း(၆)ခု အခြေအနေအပေါ်မူတည်၍ ရေးဆွဲထားသော ဘဏ္ဍာရေးမူဘောင်အရ သတ်မှတ်ပေးထားသည့် ထောက်ပံ့ငွေဘောင် များအတွင်း ရေးဆွဲတင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သတ်မှတ်ပေးထားသည့် ထောက်ပံ့ငွေဘောင်ထက် ပိုမိုရေးဆွဲခြင်းမရှိစေရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တွင်ပါဝင်သည့် ဌာန(၂၆)ခုတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်တို့နှင့် စပ်လျဉ်း၍ မိမိတို့ဌာနအလိုက် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)