(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပ

ထန်းတပင် ဇန်နဝါရီလ ၂

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်ဌေးက ကျေးဇူးတင်စကားများ ပြန်လည်၍ ပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး ဒုတိယရဲမှူးကြီးငွေတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်တီဥက္ကဋ္ဌ ဦးမြခင်တို့က ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် (၁၉၂.၈၁၁)သန်းဖြင့် လမ်းအရှည်ပေ( ၄၅၈၇ )၊ အကျယ်(၁၀)ပေနှင့် (၇)လက်မထုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ကွန်ကရစ်လမ်းဖွင့်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ငွေတင်၊ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်