အလုံ ဇန်နဝါရီ ၂
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်ရိုးသစ်တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်အရ ပါမောက္ခများမှ ဘာသာရပ်သင်တန်းများဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားလာစေရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂုဏ်ထူးရဦးရေများပြားလာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲ သင်တန်းမှာလည်း အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများကို တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက တိုက်ရိုက်ပို့ချဆွေးနွေးပြီး သင်ကြားရေးမှာတွေ့ရှိရတဲ့ သင်ခန်းစာအခက်အခဲများကို ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာဖြေဌာနပေါင်း (၈၃)ခုမှဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၃၈၀၇)ဦးအနက် အောင်မြင်သူ(၁၅၂၈၅)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း(၆၄.၂၀)ရာခိုင်နှုန်းရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းတွင်းဖြေကျောင်းသား၊ ကျောင်းသူ(၁၆၃၂၉)ဦးနှင့် ပြင်ပဖြေကျောင်းသား၊ ကျောင်းသူ(၂၄၄၆)ဦး၊ စုစုပေါင်း(၁၈၇၇၅)ဦးခန့် ဝင်ရောက်ဖြေဆိုမှာဖြစ်ပြီး စာစစ်ဌာန(၇၃)ခုရှိကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်သည့် ၂ဝ၂၄ ခုနှစ်၊ တိုင်းဒေသကြီးအဆင့်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲသင်တန်းသို့ အခြေခံပညာနှင့်ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသားဆရာ၊ ဆရာမ(၃၃၉၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ဇန်နဝါရီ(၂)ရက်မှ (၅)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်