ပျဉ်းမနားမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပျဉ်းမနား  ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအား မြန်မာနိုင်ငံနေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိစေရန်၊ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကာယ ဉာဏစွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများတိုးပွားရရှိ‌‌စေရန်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှု သမိုင်းကြောင်းများနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲသည်။

ယင်းနောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောက်တိုင်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသည့်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံများ၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့်စာအုပ် စာစောင်များအား ရေလှိုင်းသဏ္ဍာန် ပုံဖော်ခင်းကျင်းပြသခြင်း၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်းလျှောက်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ခါးလှည့်ကွင်းဖြင့်ဆော့ကစားခြင်း စသည့်ပျော်ရွှင် ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူအား စာရေးကိရိယာနှင့် မုန့်များပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)