သုံးခွ ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို အကျယ်တစ်ဝံ့ပြောကြားပြီး ကျောင်းသစ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာမ ဒေါ်မြတ်မြတ်သူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုလိုအထိမ်းအမှတ်နေ့ဖြစ်သည့် လွတ်လပ်ရေးနေ့သည် ကျောင်းသား/ သူများအားလုံးအတွက် သိရှိထားရမည့် အသိပညာဗဟုသုတများ ရရှိစေသည့် အကြောင်းအရာများကို သေချာစွာမှတ်သားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား/ သူလေးများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အကောင်းဆုံးယှဥ်ပြိုင်နိုင်သူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ရုံးမှပြသထား ဗဟုသုတရရှိစေမည့် သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ဆရာ ဆရာမများနှင့် ကျောင်းသား/ သူ(၃၅)ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)