ကျေးသီး အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့သို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇေယျာနိုင်က မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များနှင့် စပ်လျဉ်း၍ ဖြည့်သွင်းခြင်း လုပ်ငန်းစဉ်များ၊ ပြည်သူများ မဲပေးရာတွင် ခိုင်လုံမဲ ဖြစ်စေရန် ဆောင်ရွက်ရမည့် အချက်အလက်များနှင့် မဲပေးပုံ အဆင့်ဆင့်မှားယွင်းခဲ့ပါက မိမိတို့ဆန္ဒပြုထားသော မဲသည် ပယ်မဲအဖြစ် သတ်မှတ်ခံရကြောင်း၊ ဆန္ဒမဲဆုံးရှုံးမှု မဖြစ်စေရန်နှင့် ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်များ၊ ဆန္ဒမဲပေးပုံ အဆင့်ဆင့် အသိပညာပေးဗွီဒီယိုများ ပြသဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)