ဒလ ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က စိတ်ပါဝင်စားစွာ ယှဥ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြပွဲတွင်ပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)