မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်၏ တောင်တက်ရာသီအဖြစ် သုံးလသတ်မှတ်ထား

မော်လမြိုင် ဇန်နဝါရီ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်မှ တောင်တက်လမ်းလျှောက်ရာသီအဖြစ် ဒီဇင်ဘာလမှ စတင်ထားကာ သုံးလသတ်မှတ်ထားကြောင်း သိရသည်။

ကျန်းမာရေးအတွက်  တောင်တက်လမ်းလျှောက်ခြင်းနှင့်  ဘုရားဖူးဧည့်သည်တော်များ လာရောက်လည်ပတ်နိုင်ရေးအတွက်  ဒီဇင်ဘာလမှ  ၂၀၂၄ ခုနှစ်  ဖေဖော်ဝါရီလအထိ တောင်တက်ရာသီအဖြစ် သတ်မှတ်ထား၍ အစိုးရရုံးပိတ်ရက်များတွင် တစ်နေ့လျှင် တောင်တက်သူဦးရေ ၅၀၀ ခန့်ရှိကြောင်း၊ တောင်ဝိုင်းတောင်ပေါ်သို့တက်ရန် မြေပြန့်မှလမ်းလျှောက်ပြီး တောင်ပေါ်အတက်အကွေ့အနားရှိ စစ်ဆေးရေးဂိတ်တွင် တောင်တက်ချိန်ကို နေ့စဥ်နံနက်  ၆  နာရီမှ  ညနေ  ၆  နာရီအထိ  ကန့်သတ်ထားကြောင်း၊ တောင်တက်လမ်းအဝင်တွင်လည်း ကား၊ ဆိုင်ကယ်များ အခမဲ့အပ်နှံနိုင်ရန် ဆောင်ရွက်ထားရှိကြောင်းနှင့် လမ်းလျှောက်သူများအတွက် အမှိုက်များကင်းစင်စေရန် အမှိုက်ပုံးများထားရှိထားခြင်း၊ တစ်လတစ်ကြိမ် တောင်တက်လမ်းတစ်လျှောက်ရေဆေး၍ ပရဟိတအသင်းအဖွဲ့များတို့က ကုသိုလ်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန် ချမ်းအေးသည့်ဆောင်းရာသီတွင် တောင်ဝိုင်းတောင်ပေါ်သို့ ဒေသခံတောင်တက်သူများ ပိုမိုများပြားလာပြီဖြစ်ရာ တောင်တက်လမ်းလျှောက်ခြင်းကို နံနက်ပိုင်းမှ တက်ရောက်ကြသလို ညနေပိုင်းတွင်လည်းလာရောက်ကြ၍ တောင်တက်ခြင်းအား နှစ်သက်သူများအနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်စေပြီး သဘာဝအနှစ်သာရကိုခံစားရကာ တိမ်ပင်လယ်များကိုလည်း မြင်တွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

သားငယ်