တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများအား မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

တောင်ဥက္ကလာပ အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက အမှတ်(၂၆)အခြေခံပညာ မူလတန်းကျောင်း၌ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်အတွင်းရှိ မဲရုံများအတွက် လွှတ်တော်အလိုက် မဲပုံးများ၊ ဆန္ဒပြုခန်း၊ ခြင်းများနှင့် အခြားမဲရုံသုံးပစ္စည်းများကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်ရှိပြီး မဲရုံစုစုပေါင်း(၁၂၄)ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)