နမ့်စန်မြို့ အ.မ.က (ရေငုပ်) တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အဟာရတိုက်ကျွေး

 

နမ့်စန်(တ) ဇန်နဝါရီ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Companyနှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀နာရီက အမှတ် (၁) ရပ်ကွက်ရှိ ရေငုပ်အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်က School Milk Programme ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ ခရိုင်ပညာရေးမှူး ဒေါ်နန်းခမ်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုး၊ မိုးရိပ်ရှမ်းတောင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းနှင့် Sunjin Myanmar Company မှ တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများကို အာဟာရနွားနို့နှင့် ကြက်ဥများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥများအား လိုက်လံပေးဝေခဲ့ကြပြီး စာသင်ဆောင်များအတွင်း လိုက်လံကြည့်ရှုခဲ့ကြောင်းနှင့် အဆိုပါSchool Milk Program တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၇၀)ဦးကို အာဟာရနွားနို့ (၃၀) ပိဿာနှင့် ကြက်ဥအလုံး (၂၈၀) တို့ကို ကျွေးမွေးနိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)