မိုးကောင်းမြို့ Community Centre ခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကျပန်းစကားပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မိုးကောင်း      ဇန်နဝါရီ        ၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမ၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကျပန်းစကားပြောနှင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဇန်နဝါရီ(၁)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးကြိုင်က ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့အကြောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်၍ အထက(၂)ကျောင်းမှ Grade-7 ကျောင်းသူ မဝါဝါဝင့်အောင်က  ထိန်းသိမ်းစို့ လေလွတ်လပ်ရေးအမွေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မခိုင်သဇင်စိုးမှ ထာဝစဉ်ထိန်းသိမ်းပေးလွတ်လပ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(၁) ကျောင်းမှ Grade-6ကျောင်းသူ မကြည်လဲ့ရှင်းသန့်က လွတ်လပ်ရေးနဲ့အခြားတာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း ကျပန်းစကားပြော အသီးသီးယှဉ်ပြိုင်ကြသည်။

ယင်းနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ဆက်လက်ကျင်းပရာ Grade-6 မှ Grade-10 ထိ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတို့က (၄)ယောက်တစ်အုပ်စုဖြင့် (၇)အုပ်စုပတ်လည်ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲအသီးသီးတို့မှ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းတို့က ဂုဏ်ပြုဆုချီးမြှင့်ကြသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်နံရံကပ် စာစောင်တို့အား တက်ရောက်လာသည့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)