ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအတွက် တတိယအကြိမ်စာအုပ်စာစောင်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ်ဦးဋ္ဌေးအောင်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် စာပေဟာလူမျိုးတစ်မျိုးရဲ့အသက်ဖြစ်ကြောင်း၊ စာပေပျောက်ရင်လူမျိုးပျောက်ကွယ်သွားနိုင်ပါကြောင်း၊ ဒါ့ကြောင့်လည်း လူမျိုးတိုင်းကစာပေကိုမြတ်မြတ်နိုးနိုး ထိန်းသိမ်းထားသင့်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပထမအကြိမ် ငွေကျပ် ၅၅၀ သိန်း၊ ဒုတိယအကြိမ်ကို ယခု ၂၀၂၃ ခုနှစ်၊ မတ်လ ၁ရက်နေ့တွင် ငွေကျပ် ၅၅၀ သိန်းနှင့် ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ် စာအုပ်စာစောင်လှူဒါန်းပွဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် ၁၂၅ တိုက်အတွက် ငွေကျပ် ၇၆၀ သိန်း တန်ဖိုးရှိ စာအုပ်စာစောင်ပေါင်း ၂၁,၃၇၅ အုပ်ကို လှူဒါန်းပေးခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအတွက် ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ “နိုင်ငံတော်မူ မဟာဂီတကျမ်း ” စာအုပ် ၇၅ အုပ်ကိုလည်း ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်မှူးများကလည်း လှူဒါန်းပေးလိုက်သည့် စာအုပ်စာစောင်များကို စာဖတ်သူတွေအမြန်ဆုံးငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်က မုဒိတာစကားပြောကြားရာတွင် ယခုကဲ့သို့ တိုင်းဒေသကြီး၏စီစဉ်ဆောင်ရွက်မှုနှင့် တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိစာကြည့်တိုက်များအတွက် တတိယအကြိမ်မြောက် စာအုပ်စာစောင်များလှူဒါန်းပေးသည့်အပေါ်ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး စာကြည့်တိုက်သင်တန်းများ ဖွင့်လှစ်ပေးနေသည်ကိုလည်းတွေ့ရပါကြောင်း၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုအပ်သည်များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြသည့် ဒေသခံပုဂ္ဂိုလ်များ၊ စာကြည့်တိုက်မှူးများအနေဖြင့်လည်း မိမိတို့ဒေသရှိလူငယ်များအပါအဝင် ပြည်သူအားလုံးအသိဉာဏ်ပညာ၊ ဗဟုသုတရှာဖွေလေ့လာနိုင်ရေးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီဆောင်ရွက်ပေးကြပါရန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဥပဒေချုပ်ဦးဋ္ဌေးအောင်ကကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စာကြည့်တိုက်များသို့ စာအုပ်စာစောင်များလှူဒါန်းရာ အရှေ့ပိုင်းဇုန်ရှိစာကြည့်တိုက် ၃၅ တိုက်အတွက် စာအုပ်စာစောင်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်စာကြည့်တိုက်အတွက် စာအုပ် ၁၀၀ အုပ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာစာကြည့်တိုက်မှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် အနောက်ပိုင်းဇုန်ရှိစာကြည့်တိုက် ၈ တိုက်၊ တောင်ပိုင်းဇုန်ရှိစာကြည့်တိုက် ၃၉ တိုက်၊ မြောက်ပိုင်းဇုန်ရှိ စာကြည့်တိုက် ၄၃ တိုက်စသည်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဇုန်အလိုက်မြို့နယ်များရှိ စာကြည့်တိုက်များနှင့် ရန်ကုန်တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနစာကြည့်တိုက်အတွက် စာအုပ် ၁၀၀ အုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့စာကြည့်တိုက်အတွက် စာအုပ် ၁၀၀ အုပ်တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပေးအပ်လှူဒါန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စာကြည့်တိုက်ကိုယ်စားလှယ်များက အသီးသီးသီးလက်ခံရယူခဲ့ကြသည်။ ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက၂၀၂၃ ခုနှစ်အတွက် Dr.Abdul Kalam Foundation International Award 2023 ဆုရရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌဦးမောင်မောင်ဦး(စာရေးဆရာဟိန်းလတ်)အား ဂုဏ်ပြုလွှာပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များအတွက် ငွေကျပ် ၆,၈၇၅,၀၀၀ တန်ဖိုးရှိ စာရေးဆရာကြီးကျော်ညွန့်ရည်ပြုစုသည့် ခမာယဉ်ကျေးမှုကျမ်း စာအုပ် ၁၂၅ အုပ်ကို ဦးကျော်ညွန့်ရည်+ဒေါ်ဝါဝါကျော် မိသားစုကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီရုံးခန်းတွင် အသုံးပြုနိုင်ရန် MIPS ကုမ္ပဏီက ငွေကျပ် သိန်း ၇၀ တန်ဖိုးရှိ ရုံးသုံးပစ္စည်းများအား လှူဒါန်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်ကလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် စာကြည့်တိုက်မှူးများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဝန်ကြီးချုပ်နှင့်တာဝနိရှိသူများကခန်းမအတွင်း ခင်းကျင်းပြသထား
သည့် စာအုပ်စာစောင်များကို လိုက်လံကြည့်ရှုခဲ့ကြသည်။
အောင်မြင့်(ပြန်/ဆက်)