လားရှိုးမြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသောကြောင့် ညပိုင်းများတွင် ကျန်းမာရေးလိုအပ်ချက်များရှိပါက ပရဟိတလူမှုကူညီရေးအဖွဲ့များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်

လားရှိုး ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လားရှိုးမြို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီအချိန်ထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသောကြောင့် ညပိုင်းအချိန်များတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးလိုအပ်ချက်အရ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်လိုပါက ပရဟိတလူမှုကူညီရေးအသင်းများသို့ ဆက်သွယ်အကူအညီ တောင်းခံ နိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့ဆီ ညပိုင်းတွေမှာ အရေးပေါ်လိုအပ်ချက်ရှိလို့ အကူအညီတောင်းခံနိုင်ပါတယ်။ အကူအညီတောင်းခံတဲ့နေရာကိုသွားရောက်ပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေကို ပို့ဆောင်ပေးပါတယ်။ လက်ရှိအချိန်မှာတော့ အများဆုံးက မွေးလူနာတွေကို ပို့ပေးရတာများပါတယ်။ ” ဟု ပရဟိတလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လားရှိုးမြို့တွင် ညပိုင်းအချိန်ကာလများတွင် ဆေးရုံ၊ ဆေးခန်းနှင့် အခြားအရေးပေါ်နေရာများသို့ သွားရောက်လိုပါက ကမ်းလင့်လက်များလူမှုကူညီရေးအသင်း၊ ပေးသောလက်လူမှုကူညီရေးအသင်း၊ ရွှေလှိုင်မေတ္တာလူမှုကူညီရေးအသင်း၊ မေတ္တာတံခွန်လူမှုကူညီရေးအသင်း၊ ကောင်းဆာလူမှုကူညီရေးအသင်း၊ ဓမ္မရက္ခိတလူမှုကူညီရေးအသင်း၊ အောင်သစ္စာလူမှုကူညီရေးအသင်း၊ မေတ္တာစမ်းရေလူမှုကူညီရေးအသင်းများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စိုင်းထွန်း (လားရှိုး )