မိုင်းယောင်းမြို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗလမင်းထင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ စုပေါင်း၍ (၁၂/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေက လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာသူများက (၁၂/၂၀၂၃)လအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် (၁/၂၀၂၄)အတွက် အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် ပညာရေး၊ ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ပြုလုပ်ကျင်းပခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်မျိုးအေးချိုနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝမ်ကုန်ကျေးရွာ၊ တာလုတ်ကျေးရွာနှင့် ကော့ခွယ်ကျေးရွာတို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြန်မာစာ၊ မြန်မာစကား၊ ဂဏန်းသင်္ချာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ကျိုင်းတုံမြို့ ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်မည့် အသံမစဲဥပ္ပါတသန္တိပါဠိတော်မြတ်(၁၀၈)ရက် ရွတ်ဖတ်ပူဇော်ပွဲမဟာမင်္ဂလာအတွက် အပိုဆောင်းဆွမ်းဟင်း (၁)သိန်းကျပ်၊ ဘာဏကသံဃာတော်(၁၂)ပါး တစ်ပါးလျှင် (၁)သောင်းနှုန်းဖြင့် တစ်သိန်းနှစ်သောင်းကျပ်၊ စုစုပေါင်း နှစ်သိန်းနှစ်သောင်းကျပ်အား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြတ်ကိုဦးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)