တန့်ယန်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

တန့်ယန်း  ဇန်နဝါရီ ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ အတွေ့အကြုံဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးသီဟဖြိုးက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း Grade-11 မှ မောင် ညိုမင်းဦး၊ မောင်မင်းသူနိုင်၊ မလွေးအိပိန်၊ Grade-10 မှ မောင်သန့်ဇင်ဦး၊ မဝါဝါဝင်းရွှေတို့က “လူငယ်နှင့် အချိန်၏တန်ဖိုး” ခေါင်းစဉ်ကို ဆွေးနွေးပြောကြားခဲ့ကြရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် အချက်အလက်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)