လယ်ဝေး ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တောပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားသို့ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တကုမာရ ဆရာတော်အမှူးပြုသော ပင့်သံဃာ ၂၀ ပါး ကြွရောက်ချီးမြှင့်ခဲ့ပြီး၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ သရက်တောပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလ ခံယူဆောက်တည်သည်။ ထို့နောက် ပရိတ်တရားတော်များနာယူ၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့ပြီး၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသံမစဲဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၁ ရက်နေ့အထိ ၅ ရက်အထိကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)