ကျောက်ဖြူ ဇန်နဝါရီ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား စားသောက်ရေးအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခြံဝန်းနှင့် အရာရှိရပ်ကွက်ရှိ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်ခြံဝန်းနေရာတို့၌ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိသည်။
ထိုသို့ ဝက်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးရာတွင် အရာရှိရပ်ကွက်ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ခြံဝန်းနေရာ၌ အဆိုပါကောလိပ်ရှိ ဆရာ/ဆရာမနှင့် ဝန်ထမ်း(၁၁၁)ဦး၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းရှိ ဆရာ၊ ဆရာမနှင့် ဝန်ထမ်း(၅၈)ဦးတို့အတွက် ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၈၀၀၀/-နှုန်း၊ ကြက်ဥ (၆)လုံးတစ်ထုပ်လျှင် ကျပ် ၂၀၀၀/-နှုန်း ဖြင့်လည်းကောင်း၊ အစိုးရရပ်ကွက်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခြံဝန်းနေရာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် အခြေခံစားသောက်ကုန်များကိုလည်းကောင်း ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များက တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြသည်။
ယင်းသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း