ပြင်ဦးလွင် ဇန်နဝါရီ ၁
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင် ဦးဆောင်သော တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁၃) နာရီအချိန်က ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ (၇၆)နှစ် မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြသည်။ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများအား ဟောပြောခဲ့ပြီး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများလက်ဝယ်အရောက် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ် ခေါင်းစဉ်ဖြင့် ရေးသားထားသည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ “ရှေ့သို့ လှမ်းချီ ပန်းတိုင်ဆီ” နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ကဗျာနှင့် ကာတွန်းများ အပါအဝင် လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ပါရှိသည်။
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ၊ ပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန် အခါကြီး၊ ရက်ကြီး၊ နေ့ကြီးများ အထိမ်းအမှတ်တွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင် ပြန်/ဆက်)