ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးခဲ့သည့် မိုးစပါးဧကပေါင်း ၅၆၀၀၀ ကျော် ရိတ်သိမ်းပြီးစီး

ကျိုက်မရော ဇန်နဝါရီ ၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများစိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက(၅၆၀၀၀)ကျော်အား  ခေတ်မီစပါးရိတ်သိမ်း ခြွေလှေ့စက်ကြီးဖြင့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူများက ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေများကို အသုံးပြုကာ မြို့နယ်အတွင်း မိုးစပါးသီးနှံ ဧက(၅၆၀၁၂)ဧကကို စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားဧကထက် ၂၉၃၀ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် အဓိကစိုက်ပျိူးသည်မိုးစပါးသီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ၊ ကျားပျံမွေး၊ ကောက်ကြီးစသည့် စပါးမျိုးများကို စိုက်ပျိူးရေးဦးစီးဌာန၏ နည်းပညာကို လေ့လာ၍သွင်းအားစုများ၊ သီးနှံမျိုးစေ့များကိုအကူညီရယူကာ စနစ်တကျ စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ယခုအခါဒေသခံ တောင်သူလယ်သမားများက ဆောင်းသီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရန် နိုဝင်ဘာလဆန်းမှစတင်ကာ မိုးစပါးများကိုစတင်ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလကုန်အထိ မိုးစပါးစိုက်ဧကအားလုံးကို ရိတ်သိမ်းခြွေလှေ့စက်ကြီးများ ရိတ်သိမ်းပြီးစီးနေပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါးတင်း ၈၀ ကျော်ထွက်ရှိပြီး စပါးရိတ်သိမ်းခြွေလှေ့ရာ၌ လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန်နည်းပညာပေးလုပ်ငန်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မယ်ကရိုစံပြကျေးရွာမှတောင်သူဦးမင်းလင်းနိုင်အေးထံမှ သိရသည်။

မိချို(ကျိုက်မရော)