ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင်(၄)မြို့နယ် ရွှေကျင်နိကာယ ဝိနည်းစာမေးပွဲအကြိမ်(၁၀၀)ပြည့် ဩဝါဒနှင့်ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဆည်  ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ကျောက်ဆည်မြို့နယ်အတွင်း၌ သီတင်းသုံးတော်မူကြသည့် ရွှေကျင် ဆရာတော်ကြီးများ စဉ်ဆက်မပြတ်ကျင်းပခဲ့သည့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင် (၄) မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ်(၁၀၀)ပြည့်ဩဝါဒနှင့်ရေစက်ချအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)သုံရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး  လေးမြို့နယ်ရွှေကျင်နိကာယ ဂိုဏ်းချုပ်၊ အဘိဓဇမဟာရဌဂုရု မြစ်သားမြို့ ဘဒ္ဒန္တဝေဠရိယ မင်းကျောင်း ဆရာတော်ကြီးထံမှ ငါးပါးသီလတရား ခံယူတော်မူကြပြီး ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး က  အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂအဟာဇောတိကဓဇ သောဠဿမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီးထံသို့ ဝတ္ထုငွေကျပ်သိန်း(၅၀)ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အလှူရှင် ဦးစံမြင့် မိသားစု၊ ဒေါ်ရီရီညွှန့်မိသားစုနှင့် ဆွမ်းကုသိုလ်ရှင်မိသားစုများက ဆရာတော်ကြီးများအား သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး လေးမြို့နယ်ရွှေကျင်နိကာယဂိုဏ်းထောက် ကျောက်ဆည်မဟာဂန္ဓာရုံကျောင်းတိုက်မှ ဘဒ္ဒန္တကုသလဘိဝံသ ဆရာတော်ကြီး စဉ်ဆက်မပြတ်ကျင်းပခဲ့သည့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင် (၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲ အကြိမ် (၁၀၀)ပြည့် အခမ်းအနားကြီး အောင်မြင်စွာ ကုသိုလ်ပြုခဲ့ကြသည့် အလှူရှင်များအား ကျေးဇူးတင်စကားပန်ကြားလျောက်ထားခဲ့ပြီး  အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂအဟာဇောတိကဓဇ သောဠဿမရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ဘုရားကြီးထံမှ  ငါးပါးသီးလတရားနှင့်ဩဝါဒကထာတရား နာယူကြည်ညိုကြပြီး ရေစက် သွန်းချအမျှဝေခဲ့ကြောင်းနှင့် ပင့်သံဃာ ဆရာတော်ကြီးများနှင့် ဝိနည်းစာပြန်သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးအောင်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စဉ့်ကိုင် (၄)မြို့နယ် ရွှေကျင်နိကာယဝိနည်းစာမေးပွဲအကြိမ် (၁၀၀)ပြည့် အခမ်းအနားကြီးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၃၀)ရက်မှစတင်ကာ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ မိုင်းတုံ၊ မုံရွာ၊ ဘုတလင်၊ ကလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ တောင်မြို့၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်များမှ ပင့်သံဃာ(၆၀၀)ကျော် ကြွရောက်တော်မူကြပြီး စာပြန်ပွဲတွင် ရှင်ကျင့်ဝတ် စာပြန်သံဃာ(၂၅၀)ပါး၊ (၄)စောင်တွဲဝိနည်းပြန် သံဃာ(၁)ပါး၊ (၃)စောင်တွဲဝိနည်းပြန် သံဃာ(၄) ပါး၊ (၂)စောင်တွဲဝိနည်ပြန် သံဃာ(၄)ပါး၊ (၁)စောင်တွဲ ဝိနည်းပြန် သံဃာ(၁၆)ပါး စာပြန်တော်မူခဲ့ကြောင်း သိရသည်။

သက်မောင်ခရိုင်(ပြန်/ဆက်)