ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃ နာယကအဖွဲ့က ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့်၊ ဥပ္ပါတသန္တိ ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုပ္ပားတောင်ကလပ်ရှိ အောင်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (အဖွဲ့ဝင်)ဆရာတော် ဘဒ္ဒန္တ ဓမ္မာဝုဓ၊ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဇဋိလနှင့် ပင့်သံဃာ အရှင်သူမြတ်(၂၀)ပါး တို့ကြွရောက်တော်မူကြပြီး၊ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ မကွေးကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝက စိန်ရောက်ခြည်ဘုရားပင့် ပူဇော်၍ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးလှထွန်း(ဌာန တာဝန်ခံ)က ဆိုင်ရာ နတ်ဒေဝါများအား ဖိတ်မန္တကပြု၍ ကန်တော့ပွဲအပ်နှံပြီး၊ ကြွရောက်လာသည့် ဆရာတော်အရှင်သူ မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ ယင်းနောက် ဥပ္ပါတသန္တိ ကျမ်းမြတ်အား ပုပ္ပားရပ်/ကျေး သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဓမ္မစရိယက စတင်ရွတ်ဖတ်ပူဇော်၍ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းပြီး၊ ဆရာတော် အရှင်သူမြတ်များအား ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က နေ့စွမ်းဆက်ကပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဥပ္ပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ (အဖွဲ့ဝင်) ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့်ပင့်သံဃာ အရှင်သူမြတ်(၂၀)ပါး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊  ပုပ္ပားတောင်ကလပ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ စုစုပေါင်း(၇၂)ဦးတက် ရောက်ခဲ့ကြောင်း သိရပြီး၊ ကျမ်းမြတ် ရွတ်ဖတ် ပူဇော်ခြင်းကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)