မန္တလေး အောက်တိုဘာ ၂၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုများ ကြောင့် အသွားအလာ ကန့်သတ်ထားသည့် အိမ်ထောင်စုများအား Save Mandalay From Covid-19 (SMC-19) အဖွဲ့မှ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ အသွားအလာကန့်သတ်ထားသည့် နေရာတွင် ပြုလုပ်သည်။
ပြည်ကြီးရန်လုံရပ်ကွက်တွင် အသွားအလာကန့်သတ်ထားသည့် အကွက် (၄၁၅/S1) ရှိ အိမ်ထောင်စု (၁၃၅) စုအတွက် ဆန်(၅)အိတ်၊ ဆီ(၆၀)ပိဿာ၊ တစ်ရှူး(၁၅၀)လိပ်၊ ရေသန့်(၆)ဗူးပါ (၁၃၃)ကဒ်၊ ကော်ဖီမစ်(၅)ထုပ်ပါ (၁၃၅)ထုပ်၊ လက်သန့်ဆေးရည်(၁၅) ဗူး၊ ဆပ်ပြာမှုန့်(၁၃၅)ထုပ်၊ ချောင်းဆိုး ပျောက်ဆေး (၁၅၀)ဗူး၊ နှာခေါင်းစည်း(Mask) (၁၀)ခုပါ (၁၃၅)ထုပ်တို့ကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သော Save Mandalay From Covid-19 (SMC-19) အဖွဲ့က ထောက်ပံ့ပေးအပ်ရာ အောင်မြေသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်တို့က လက်ခံရယူကြပြီး အဆိုပါ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများ အား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အိမ်ထောင်စုများအလိုက် အချိုးကျခွဲဝေလျက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် (SMC-19)အဖွဲ့မှ အောင်မြေသာစံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း (၁၁) သင်းနှင့် ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့အတွက် PPE ဝတ်စုံ(၅)စုံစီနှင့် ပိုးသတ်ဆေး၊ ဓါတ်စား၊ အသင့်သောက် Milo ဘူးများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)