မောက်မယ် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများ ပြိုင်ပွဲများ ကျင်းပပေးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက် ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်ဆိုင်ရာစွမ်းရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဖိတ်ခေါ်၍ ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးကြောင်း ပြောကြားပြီး တက်ရောက်လာကြသော ဆရာမများတို့က ပြိုင်ပွဲရက်နှင့် အမှတ်ပေး စည်းမျဉ်းစည်းကမ်းချက်များ၊ ပန်းချီခေါင်းစဉ်ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာပြိုင်ပွဲကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)