ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)ရှိ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံ

မုဒုံ      ဇန်နဝါရီ     ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃၁ ရက်နေ့က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မုဒုံမြို့)ရှိ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မြတ်ဇာခြည်ကျော်က ကာလရှည်သင်တန်းအဖြစ် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်း၊ ကာလတိုသင်တန်းများဖြစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုးဆေးသင်တန်းများဖွင့်လှစ်နိုင်မှု အခြေအနေများကိုရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းများ ပြီးမြောက်ပါက အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်တန်းဆင်းသင်တန်းသူများကို အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူများမှ သင်တန်းကျောင်းအတွင်း နေထိုင်စားသောက်မှုအခြေအနေများ၊ သင်တန်းချိန်ပြီးဆုံးချိန်တွင် နေ့စဥ်အားကစားများပြုလုပ်နိုင်ရန်အတွက်လိုအပ်သော အားကစားပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့ပြီး သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့်သင်တန်းသူများအတွက် ထောက်ပံ့ကြေးငွေများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူ၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)