ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာနှင့် ကောက်ကွေ့ကျေးရွာချင်းဆက်လမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများအား စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသက်ဇော်က ရှင်းလင်းတင်ပြခဲ့ပြီး သံတဇာကျေးရွာနေဦးမျိုးအောင်က ရွာချင်းဆက်လမ်းဖွင့်လှစ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားများပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းသစ်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
သံတဇာ-ကောက်ကွေ့ရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်(၃၅၇.၂၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်(၅၂၈၀)ပေ၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုရှိကြောင်း သိရသည်။
ရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဝန်ထမ်းများ၊ လမ်းဆောက်လုပ်ရေးတာဝန်ခံများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း လည်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)