မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဘိမ်း     အောက်တိုဘာ    ၂၇     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်အဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ၂ဝ၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ကျရာ မဲရုံအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့်နေရာများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။         

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်က ရွေးကောက်ပွဲကာလအတွင်း မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများအား လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်က အသက်(၆ဝ)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်နှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)