နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့်စပ်လျဉ်း၍ နေပြည်တော်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးအတွက် အထူးအလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လယ်ယာထုတ်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများ တရားမဝင်ရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို စဉ်ဆက်မပြတ်စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ ဖမ်းဆီးရမိသည့် လိုင်စင်ရှိ/လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးအပ်နှံနိုင်ရေး၊ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တရားမဝင်လုပ်ငန်းများကို တားဆီးကာကွယ်ဆောင်ရွက်နေသည့်အပြင် တရားဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှုအ‌ခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)