ဒဂုံမြောက် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြိုနယ်စာရေးဆရာအသင်းမှကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ သက်ကြီးစာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက (၃၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ သီရိအောင်မြေဗဟိုဓမ္မာရုံတွင် ကျင်းပခဲ့သည်။
မြို့နယ်စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)မှ အတွင်းရေးမှူး ဆရာမောင်ငြိမ်းသူ(ကြို့ပင်ကောက်)က မုဒိတာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဆရာအောင်သျှန်ဝိုင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ဆရာခိုင်ချစ်အောင်ကဦးဆောင်၍ ကန်တော့ချိုးဖြင့် သက်ကြီးစာပေပညာရှင်ကြီးများအား မြို့နယ်စာရေးဆရာများက ပူဇော်ကန်တော့ကြပြီး သက်ကြီးစာပေပညာရှင်(၅၇)ဦးအား ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့နောက် သက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား ဆရာကြီးသူရဇော်မှ ဩဝါဒစကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ