ညောင်ဦးမြို့ စူဠာမဏိဘုရားကြီး ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

ညောင်ဦး  ဇန်နဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စူဠာမဏိ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁ ရက်နေ့ကစတင်ကာ ပထမကြိမ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဗုဒ္ဓပူဇနိယပွဲတော်အားဖွင့်လှစ်ကာ ဆရာတော်အရှင် မြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များရွတ်ဖတ်ပူဇော်ကြကာ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ ကြည်ညိုကြသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးများကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ စူဠာမဏိဘုရားကြီး ဂေါပကအဖွဲ့နှင့် ဆွမ်းသပိတ်လုံးကုသိုလ်ရှင်များက ဆရာတော်အရှင်သူမြတ်များအား ဆွမ်းသပိတ်လုံးများ လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။

စူဠာမဏိဘုရားကြီးသည် ညောင်ဦးမြို့၏အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ တွင်တည်ရှိပြီး နရပတိစည်သူမင်းကြီးက အေဒီ (၁၁၈၃) ခုနှစ်တွင် တည်ထားခဲ့ကာ အခြေ ခံပန္နက်ပုံစံအရ သဗ္ဗညုဘုရားနှင့်ဆင်တူသည်။ လေးမျက်နှာအာရုံခံမုခ်များဖြင့်တည် ဆောက်ထားကာ အရှေ့ဘက်အာရုံခံမှာ ပိုမိုကျယ်ပြန့်ပြီး လိုဏ်နှစ်ဆင့်ဂူဘုရားတစ်ဆူဖြစ်ကာ ဘုရားကြီးပစ္စယာ အဆင့်ဆင့်ရှိ စိန်တန်းများတွင် လှပ တင့်တယ်သော စဉ့်ဝါ၊ စဉ့်စိမ်းရောင် စဉ့်ကွက်စဉ့်ပန်းများ ဖြင့် မွမ်းမံချယ်လှယ်ထားသည်။ ဗဟိုမဏ္ဍိုင်ပတ်လည် စင်္ကြန်ပေါင်းကူးများတွင် တည်ဆောက် စဉ်ကာလက ခေတ်ပြိုင်နံရံပန်းချီလက်ရာ များကို မြင်တွေ့လေ့လာနိုင်သည်။ ထိုပန်းချီတို့မှာ အဝါရင့်နှင့်အနက်ရောင်တို့ဖြင့် ရေးခြယ်ထားသည်။ ထိုပုဂံခေတ်လက်ရာ နံရံပန်းချီများပေါ်တွင် ကုန်းဘောင်ခေတ်နှင့်နှောင်းပိုင်း နံရံပန်းချီလက်ရာများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရှိနိုင်သည်။ အဆောက်အဦတစ်ခု လုံး၏အတွင်းပိုင်းအား အလင်းပေါက်များမှအလင်းပေးမှုစနစ်ကို လေ့လာနိုင်ပြီး ကျောက် စာနှင့်မင်စာအချို့ကိုလည်းလေ့လာနိုင်ကြောင်းသိရကာ စူဠာမဏိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အား ပထမအကြိမ်စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း