မန္တလေးမြို့တွင် ၂၀၂၄ နှစ်သစ်ကူးခြင်းကို နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကို တပျော်တပါးကြိုဆိုခဲ့ကြ

ချမ်းအေးသာစံ ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ် နှစ်သစ်ကို ကူးပြောင်းပြီဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုခဲ့ကြသည်။

မန္တလေးမြို့တွင် ကျင်းပသည့် နှစ်သစ်ကြိုဆိုခြင်း အထိမ်းအမှတ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ ဧည့်ပရိသတ်တို့က မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုနှင့်အတူ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ် နှစ်သစ်မကူးခင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှ စတင်ကာ မန္တလေးမြို့တွင် နှစ်သစ်ကိုကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူ/မြို့သားများ၊ ပြည်သူလူထုက နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်အနုပညာရှင်များ၏မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ မြူးထူးကခုန်ပျော်ရွှင် အေးချမ်းစွာဖြင့် ဖြတ်သန်းကြသည်။

၂၀၂၃ ခုနှစ် နှစ်ဟောင်းကုန်ဆုံးခါနီးအချိန် ၂၀၂၄ ခုနှစ် နှစ်သစ်သို့ကူးပြောင်းရောက်ရှိတော့မည့် စက္ကန့်ပိုင်း အလိုတွင် နှစ်သစ်ကူး Countdown ကိုအတူ ရေတွက်ခြင်း၊  ည ၁၂ နာရီတိတိတွင် Happy New Year ဟု သံပြိုင်ရွတ်ဆိုခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းတို့ဖြင့်အတူ နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကို တပျော်တပါး ကြိုဆိုခဲ့ကြကြောင်း၊ နိုင်ငံတော်ကြီး ပိုမိုငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်း ကြိုဆိုခဲ့ကြောင်းနှင့် မိတ်ဟောင်းဆွေဟောင်း မိတ်သစ်ဆွေသစ်များထံသို့ စိတ်ရင်းစေတနာဖြင့် နှစ်သစ်ကူး ဆန္ဒများနှင့်အတူ မက်ဆေ့ချ်များပေးပို့ခြင်းတို့ဖြင့် ကြိုဆိုကြကြောင်း သိရသည်။

ထွန်းထွန်နိုင်