မိုင်းတုံ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၁း၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍ လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်ပေးခြင်းသည် မိမိတို့လုပ်နေသည့် လုပ်ငန်းများအပေါ် တိုးတက်မှုနဲ့ ကြုံတွေ့ရသည့်အခက်အခဲများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ပေးခြင်း၊ မိမိတို့ကြုံရသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာ လုပ်ငန်းတိုးတက်အောင်မြင်မှုရရှိခြင်း၊ ရပ်ကျေးစာရေးများကလည်း မိမိတို့လုပ်ရမယ့်လုပ်ငန်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်အောင် ဆောင်ရွက်သွားစေရန် စသည်တို့ကို ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူးရဲမှူး မြင့်အောင်က မိုင်းတုံအတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ရှင်းလင်း၍ ထူးခြားမှုရှိပါက သွယ်ဝှက်မထားပဲ မှန်ကန်စွာသတင်းပေးစေရေးကို ဆွေးနွေးခြင်း၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက မှတ်ပုံတင်မရှိသေးသည့်သူများကို ယခုပန်းခင်စီမံချက်(၃)ဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ဆွေးနွေးမှုအပေါ် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)