ချမ်းအေးသာစံ ဇန်နဝါရီ ၁
ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရား၏ (၁၃၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ဆွမ်းသပိတ်နှင့်စာရေးတံမဲများ ဆက်ကပ်လှူဒါန်းပွဲကို ဒီဇင်ဘာလ (၃၁)ရက်နေ့က ကျင်းပရာ ချမ်းအေးသာစံမြို့နယ် မိုးကောင်းတိုက်၊ ရတနာသိင်္ဂီဒိုက်ဦးကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော လေးပြင်လေးရပ်မှ ပင့်သံဃာအပါး (၃၀၁)ပါး ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားကို ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီးမီးနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် ဆွမ်းသပိတ်နှင့်စာရေးတံမဲများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်တော်မူမြတ်စွာဘုရား ဓမ္မာရုံရှေ့မဏ္ဍပ်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွမ်းသပိတ်နှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်ချီးမြှင့်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်တို့အား ဖူးမြော်ကာဆွမ်းသပိတ်များ လောင်းလှူခဲ့ကြကြောင်းနှင့် စာရေးတံမဲ (ပဒေသာပင်)များကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်