ဟိုပန် အောက်တိုဘာ ၂၇
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲပါဝင်မှု၊ အနှံပါအပင်ပွားနှင့် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိ တတိယအကြိမ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးမြင့်ဆွေ၊ ပိုးမွှားတာဝန်ခံ ဒေါ်သော်တာထွန်း၊ မြို့နယ်ဦးစီးမှူးဦးချိုလေးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ဟိုပန်မြို့၊ မော်ဟွေ့ကျေးရွာရှိ ကွင်းအမှတ်(၆)၊ ဦးပိုင်(၂၀)၊ တောင်သူဦးထွန်းစိန်၏ လယ်မြေ(၃)ဧကတွင် စိုက်ပျိုးထားသည့် (၅၀၂)မျိုးစပါးတွင် မျိုးကွဲ ပါဝင်မှုနှင့်ပိုးမွှားကျရောက်မှုနည်းပါးကြောင်း တွေ့ရှိရပြီး အနှံပါအပင်ပွားအနေဖြင့်(၆-၈)ပင် တွေ့ရှိရသည်။ လက်ရှိစစ်ဆေးတွေ့ရှိရသည့် အနေအထားအရ ယခုရရှိမည့်မျိုးစပါးသည် လာမည့်နှစ်တွင် ပြန်လည်စိုက်ပျိုးရန်သင့်တော်ကြောင်း သိရှိရသည်။
ဟိုပန်ခရိုင်တွင် CERP အစီအစဉ်အရ ဆင်းဧကရီ(၂၀)ဧက၊ ၅၀၂ မျိုး (၅၀)ဧက၊ စုစုပေါင်း ဧက(၇၀)ကို တောင်သူ(၃၃)ဦးက စိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ ကြောင့် ဒေသတွင်း မျိုးစေ့အခက်အခဲမရှိစေရန် မျိုးစေ့ထုတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်