ညောင်ဦး ဒီဇင်ဘာ ၃၁
နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာ ကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့ လာရောက်သူများပြားလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့် ဆောင်းရာသီကိုခံစားရင်း စေတီ ပုထိုးများကြား မြင်းလှည်းငှားစီးသည့် ဘုရားဖူး ဧည့်သည်များ၊ မီနီအိုးဝေ၊ အီးဗိုက်တို့ ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများကို လေ့လာရင်း ပုဂံဒေသ၏ ၂၀၂၃ ခုနှစ်၊ နှစ်ကုန် နေဝင်ဆည်း ဆာကြည့်ရှုကြရန် စောင့်ဆိုင်းရင်း ဘုရားဖူးလာရောက်ကြကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက် ဘုရားဖူးလာရောက်သည့် ဒေါ်စန်းစန်းအေးက ပြောကြားသည်။ ယခင်ကဆိုလျှင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက်ဘုရားဖူး သူတိုင်း နာမည်ကြီးဘုရားများဖြစ်သည့် ထီးလို မင်းလိုဘုရား၊ ရွှေစည်းခုံဘုရား၊ ဓမ္မရံကြီး ဘုရား ၊စူဠာမဏိ၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ လောကနန္ဒာ၊ ပြဿဒ်ကြီး၊ ဓမ္မရာဇက၊ မနုဟာဘုရားများသာ သွားရောက်ဖူးမြော်ကြပြီး ယခုဆိုလျှင် ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရားများ၊ သာသ နိကအဆောက်အအုံများကို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ပုဂံဒေသရှိ ဘုရားများကို စိတ်ဝင်စားမှု မြင့်တက်လာနေကာ ရှေးဟောင်းယဉ်ကျေးမှု တန်ဖိုးကြီးမားပုံကို စိတ်ဝင်စားမှုများပြားလာကြောင်း၊ ပုဂံဒေသသည် အပူပိုင်းဇုန် မိုးနည်းရပ်ဝန်းတွင်ပါဝင်သလို ပုဂံဒေသ၌ အများဆုံး ပေါက်ရောက်သည့် ထနောင်းပင်၊ တမာပင်၊ ဆီးပင်၊ ရှားပင်၊ ရှားဇောင်းပင်များကိုလည်း စိတ်ဝင်စားမှုများပြားကြောင်း နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံဒေသသို့ ဘုရားဖူးလာရောက်သည့် ဒေါ်အေးအေးဝင်းကပြော ကြားသည်။
ပုဂံနေဝင်ဆည်းဆာကြည့်ရှုဖို့ ညအိပ်လာခဲ့ကြောင်း ပုဂံ၊ ညောင်ဦးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ပြည်တွင်းဘုရားဖူးများဖြင့် ပြည့်နေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊မှ ၂၀၂၄ ခုနှစ် ကူးပြောင်းတော့မည့် ဒီဇင်ဘာ ၃၁ ရက်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နေဝင်ဆည်းဆာ ကြည့်ရှုကြရန် နေဝင်ဆည်းဆာကြည့်တောင်ကုန်းတုများတွင် ခရီးသွားများ များပြားလျက်ရှိ ကြောင်း၊ ပုရား၊ ပုထိုး၊ စေတီများကြားမှ နေလုံးကြီးတစ်ဖြည်းဖြည်း ဆင်းလာပြီး တန့်ကြည်း တောင်တန်းပေါ် နေလုံးကြီး ရောက်ရှိချိန် အခိုက်အတန့်သည် မည်သည့်အရပ်ဒေသနှင့်မျှ နှိုင်းယှဉ်လို့မရအောင် လှပလွန်းပြီး ပန်းချီကားတစ်ချပ်ကြည့်နေရသည့် ခံစားမှုမျိုး ရရှိစေ ကြောင်း နေဝင်ဆည်းဆာကြည့်ရှုရန် စောင့်ဆိုင်းနေသည့် မန္တလေးမြို့မှလာရောက်သည့် ဦးနေမင်းထွန်း ပြောပြသည်။ပုဂံနေဝင်းဆည်းဆာကြည့်ရှုရန် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီး စူဠာမဏိဘုရားအနီးတွင် ညောင်လက် ဖက်ကုန်းမြင့်၊ တောင်ဘက်ရေကန်ထိပ်တွင် ကိုမောက်ကြီးကုန်းမြင့်၊ မင်းနန်းသူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့် ကုန်းမြင့်များမှ နေဝင်ဆည်းဆာ ကြည့်ရှုသူ များပြားလျက်ရှိကာ နေဝင်ဆည်းဆာကြည့်ရှုရန် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးကြရန် ညနေ ၃နာရီခွဲအချိန်မှရောက်ရှိနေကြကာ ညနေ ၆ နာရီခွဲအချိန် နေလုံးကြီးပျောက်ကွယ်သွားသည်အထိ နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင်ရှိနေကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးမြင့်ဦးကပြောကြားသည်။
ဒီပါလင်း