ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တာချီလိတ်လေယာဉ်ကွင်း  လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ တက်ရောက်

တာချီလိတ်   ဒီဇင်ဘာ  ၃၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ယမန်နေ့ နံနက် (၇)နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီရေး၊ စံချိန်မီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တာချီလိတ်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ တာချီလိတ်မြို့သည် နယ်စပ်မြို့ တစ်မြို့ဖြစ်၍ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာအသီးသီး၏ ချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များ၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန် သွင်းကုန်လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းဖြင့် ထည့်သွင်း ပြောကြားသွားသည်။

ယင်းနောက် တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တြိဂံဒေသ တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါ၍ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်၊ ပုံလို့ကျောင်းတိုက်တို့အား သွားရောက်ပြီး ဆရာတော် သံဃာတော် အရှင်သူ မြတ်တို့အား ဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် နယ်စပ်ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ်(၂)သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ကဏ္ဍအလိုက် လိုက်လံ ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ