ငါ့သရောက် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ငါ့သရောက်)၊ အ.ထ.က(ခွဲ) ဆည်နှင့် အ.ထ.က(ခွဲ) ဖလန်ကန်ကျောင်းတို့ တွင် ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မဲရုံအဖွဲ့၏ တာဝန်ဝတ္တရားများ၊ မဲဆန္ဒရှင်များမဲပေးခြင်း၊ မဲရုံတည်နေရာ အခင်းအကျင်းနှင့် မဲပေးမည့်နေရာတွင် ကြိုတင်ပြင်ဆင်မှုများ၊ ခိုင်လုံမဲ၊ ပယ်မဲ၊ ရွေးကောက်ပွဲနေ့ လုံခြုံရေး၊ မဲရုံသုံး ပုံစံများ၊ မဲရေတွက်ခြင်းနှင့် ထုတ်ပိုးခြင်း စသည့်အကြောင်းအရာများကို သင်တန်း ဆရာ ၈ ဦးတို့မှ သင်တန်းသား/သူ ၇၆ ဦးတို့အား အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချပေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ သင်ကြားပို့ချလျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ငါ့သရောက်မြို့ရှိ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံပေါင်း ၃၉ ရုံရှိပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)