တောင်ကြီး ဒီဇင်ဘာ ၃၁
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ရှမ်းပြည်နယ်/ကယားပြည်နယ်ရှိ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ကယားပြည်နယ် ဥပဒေချုပ်ဦးကြည်မြိုင်၊ ရှမ်းပြည်နယ်ဥပဒေအရာရှိ၊ ကယားပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်/မြို့နယ်ဥပဒေအရာရှိများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ဥပဒေရုံးများအတွင်း တာဝန်ထမ်းဆောင်နေသော ဥပဒေအရာရှိများနှင့် ဝန်ထမ်းများကိုတွေ့ဆုံအားပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများအတွက် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအတွက် လှူဒါန်းငွေနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းကိစ္စရပ်များနှင့်ဝန်ထမ်းများ နေထိုင်မှုကိစ္စရပ်များအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ငွေကျပ်သိန်း ၉၀ နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ရာ ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က လက်ခံရယူသည်။
ဆက်လက်၍ ကယားပြည်နယ်ဥပဒေချုပ်နှင့် ရှမ်းပြည်နယ်ဥပဒေချုပ်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်ဥပဒေအရာရှိ၊ ကယားပြည်နယ် ဥပဒေအရာရှိနှင့် ဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ စီမံရေးရာကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စရပ်များကို လမ်းညွှန်မှာကြားသည်။ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်က လုပ်ငန်းလမ်းညွှန်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဝန်ထမ်းများတင်ပြသော အခက်အခဲများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၌ ယာယီဖွင့်လှစ်ထားသည့် ကယားပြည်နယ်ဥပဒေချုပ်ရုံးသို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိများနှင့် ဝန်ထမ်းများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)