ရန်ကုန် ဒီဇင်ဘာ ၃၁
မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူများအသင်း၏(၂၅)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးမင်းထွန်းမြင့်၊ ကုန်သည် စက်မှုအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမျိုးသန့်၊ အကောက်ခွန်ဝန်ဆောင်မှုအသင်း နာယက ဦးညီညီအောင်တို့မှ တက်ရောက် အမှာစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများ ဆိုင်ရာဝန်ဆောင်သူများအသင်းကို ၁၉၉၇ ခုနှစ် ဇွန်လတွင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၂၆)နှစ်တိုင်ရှိခဲ့ပြီဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့်အပြင် ကနေဒါနိုင်ငံ၊ အော့တဝါမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အကောက်ခွန် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်သူများ အသင်းချုပ် (IFCBA)၏ အသင်းဝင်လည်းဖြစ်သည်။
အသင်းကို အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အကောက်ခွန် ဝန်ဆောင်မှုအဖွဲ့များနှင့်ဆက်သွယ်ဆောင်ရွက်ရန်၊ အကောက်ခွန်လုပ်ထုံး လုပ်နည်းများကို အခွန်ထမ်းပြည်သူ၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အသိပညာပေးရန်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဦးတည် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ အကောက်ခွန်လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူများအသင်းအတွင်းရေးမှူး ဒေါ်စောကလျာက (၂၀၂၁-၂၀၂၃)ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းအား ဖတ်ကြားတင်သွင်းခဲ့ပြီး တက်ရောက်လာသူ အသင်းသူအသင်းသားများမှ အတည် ပြုခဲ့ကြပြီး၊ စာရင်းစစ်ခန့်အပ်ခြင်း၊ အသင်းသားစုံညီ အစည်းအဝေးဖြစ်မြောက်အောင် ပံ့ပိုးပေးသော Sponsor များအား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ခြင်းတို့ဖြင့် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)