သီပေါမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးသွားမည်

သီပေါ  ဖေဖော်ဝါရီ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော  ကျေးရွာအုပ်စု(၃၀)မှ ကျေးရွာ(၃၃၀)ရွာရှိ အိမ်ထောင်စု (၁၈၀၀၀)ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KOICA) နှင့် ကိုးရီးယားသမ္မတ နိုင်ငံရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျေးရွာများ၌ ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ၊ ကျေးရွာအရောက် ဖြန့်ဝေပေး သွားမည် ဖြစ်ကြောင်းနှင့် စွမ်းအားမြှင့်မီးဖို သုံးစွဲပုံ သုံးစွဲနည်း စနစ်များ၊ စွမ်းအားမြှင့် မီးဖိုသုံးစွဲခြင်း ဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို စိုက်ပျိုးရေး ဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးမည့် ကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ကွင်းဆင်း၍ လက်တွေ့ ပြသ ရှင်းလင်း ဆွေးနွေး ပေးလျက်ရှိကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝေမိုးသူက ပြောကြား ခဲ့သည်။

ခင်လေး(ပြန်/ဆက်)