ကျောက်ဆည် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ဇီဝနည်းပညာ သုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ဓာတ်ခွဲသုတေသနဆောင်ရွက်ရန် နမူနာပစ္စည်းများတိကျစွာ စနစ်တကျကောက်ယူနိုင်ရေး၊ ရေ၊မြေနှင့်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုဆိုင်ရာ လက်တွေ့နယ်ပယ်တွင် အတတ်ပညာနှင့်အတွေ့အကြုံများ မြှင့်တင်ပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြခံဓာတ်ခွဲနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံဓာတ်ခွဲနည်းပညာသင်တန်းဆင်းပွဲတွင် ကျောက်ဆည်နည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးအေးခိုင်နှင့် မန္တလေးတိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်းတို့က ယခုသင်တန်းတွင် ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်များ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းနှင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြေထု လေထု၊ ရေထုနှင့် ပတ်ဝန်းကျင်အမြဲသန့်ရှင်းစင်ကြယ်အောင်ဖြစ်စေရေး ပတ်ဝန်းကျင်ညစ်ညမ်းမှု ဓာတ်ခွဲတိုင်းတာသည့်နေရာတွင် တိကျမှန်ကန်စွာဖြင့်လုပ်ကိုင်နိုင်သော၊ တိုင်းပြည်မှအားကိုးအားထားရသော ဓာတ်ခွဲပညာရှင်များ ဖြစ်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြခံဓာတ်ခွဲနည်းပညာသင်တန်းသို့ တက်ရောက်လာခဲ့ကြသည့် ခရိုင်/မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဇီဝနည်းပညာဦးစီးဌာန၊ ကျောက်ဆည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်ကျောက်ဆည်နှင့် ကျောက်ဆည်စက်မှုဇုံအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများမှ သင်တန်းသား/သင်တန်းသူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများကိုစား ဦးပြည့်ဖြိုးအောင်က သဘာဝတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် မြေ၊ လေ၊ ရေထု အရည်အသွေးတိုင်းတာ စစ်ဆဆေးမှုများ လက်တွေ့နယ်ပယ်တွင် တိကျမှန်ကန်စွာဆောင်ရွက်စေနိုင်ရေး အသိပညာများ၊ အတတ်ပညာများနှင့် အတွေ့အကြုံများ မြှင့်တင်သင်ကြားပေးပါသော နည်းပြဆရာများနှင့်တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြေနမူနာရယူခြင်းနှင့်မြေအရေအသွေးစစ်ဆေးခြင်း၊ ရေနမူနာယူခြင်းနှင့် ရေအရည်အသွေးစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်အရည်အသွေးတိုင်းတာခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လေထုအရည်အသွေးစစ်ဆေးခြင်း၊ Greentricho ဇီဝမှို အသုံးချစွန့်ပစ်ညစ်ညမ်းရေ သန့်စင်မှုနည်းပညာဘာသာရပ်များအား စာတွေ့လက်တွေ့သင်ကြားခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်မှ (၂၉)ရက်နေ့အထိ (၄)ရက်ကြာမြင့်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)