ဈေးများမီးဘေးလုံခြုံရေးကြိုတင်ဆောင်ရွက်မှုအဖြစ် တမ္ပဝတီဈေးသစ်နှင့်မြို့မဈေးတို့တွင် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃၀

ဈေးများမီးဘေးလုံခြုံရေး၊ ဈေးများမီးလောင်မှုနှင့် ဆုံးရှုံးမှုတန်ဖိုး လျှော့နည်းစေရေးတို့အတွက်ရည်ရွယ်၍ ဈေးများမီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်မှုအဖြစ်၊ မီးသတ်ဆေးဗူးအသုံးပြုအရေးပေါ် မီးငြှိမ်းသတ်နည်းနှင့် မီးလောင်ရာတွင် အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်း၊ မီးသတ်ရေတိုင်များ၊ မီးသတ်ကရိယာများစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဒီဇင်ဘာ(၃၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီက တမ္ပဝတီရပ်ကွက်ရှိ စည်ပင်သာယာအဖွဲ့ပိုင် တမ္ပဝတီဈေးသစ်ကြီးနှင့် မြို့မဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူးက မီဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးရာတွင် ရေမီးလောင်ခြင်း၊ ဆီမီးလောင်ခြင်းနှင့် လျှပ်စစ်ဝါယာလျှော့မီးလောင်ခြင်းများနှင့်ပတ်သက်၍ အရေးပေါ်ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များနှင့် အသုံးမပြုမီ ကြိုတင်စစ်ဆေးထားရှိခြင်းများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဈေးများမီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည်မှာ ဈေးကြီးကြပ်မှုကော်မတီနှင့် ဈေးအရန်မီးသတ်များဖြစ်သော်လည်း၊ ဈေးသူ/ဈေးသားများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အမြဲသတိရှိနေကြရမည်ဖြစ်ကြောင်း၊ မိမိတို့နေရာ၊ ပတ်ဝန်းကျင်တို့တွင် မီးလောင်လွယ်သည့် အမှိုက်သရိုက်များကို နေ့စဉ်ရှင်းလင်းခြင်းစသည်တို့ကို အသိဖြင့်လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းဆွေးနွေးမှာကြားပြီး မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးက ယခုမီးသတ်ဦးစီးဌာနမှပြသမည့် အရေးပေါ်မီးငြှိမ်းသတ်နည်းများကို သေချာစွာလေ့လာမှတ်သားကြရန်နှင့် အခြားသူများကိုလည်း ပြန်လည်မျှဝေပေးကြရန်၊ မီးဘေးလုံခြုံရေးအတွက် လိုအပ်သည့်ဆောင်ရွက်ဖွယ်ရာများကို အပြည့်အဝပူးပေါင်းပါဝင်ကြရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် အရေးပေါ် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက မီးသတ်ဈေးဗူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိတို့က ဈေးအတွင်းဆောင်ရွက်ထားရှိသည့် အရေးပေါ်မီးငြှိမ်းသတ်ရေး ကရိယာများ၊ မီးသတ်ရေငုတ်များကို လိုက်လံစစ်ဆေးကြည့်ရှု၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ဈေးသားများ ပူးပေါင်းပါဝင်သည့် မီးသတ်ယာဉ်များ အသုံးပြုမီးငြှိမ်းသတ်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဈေးများမီးဘေးလုံခြုံရေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ မြို့နယ်အရန်မီးသတ်အဖွဲ့ဝင်(၁၀)ဦး၊ ဈေးအရန်မီးသတ်အဖွဲ့ဝင်(၂၀)ဦး စုစုပေါင်း(၅၀)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၂)စီးအသုံးပြုဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့အမှုဆောင်ရာရှိ ဦးစိုးနိုင်အေးနှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်ဈေးသူ/ဈေးသားများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြကြေင်း သိရသည်။

နေအောင်(ပြန်/ဆက်)