ရမည်းသင်း ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာအားကစားလ အပျော်တန်း စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လစဉ်ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းတို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က ဒီဇင်ဘာအားကစားလ ပြိုင်ပွဲများ ကျင်းပကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းအားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ၃ရက်နေ့၌ ကျင်းပသွားမည်ဖြစ်၍ လူငယ်များ ပါဝင်ယှဉ်ပြိုင်ကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် အပျော်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုရ မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ Grade-9 ကျောင်းသား မောင်အောင်မြင့်မြတ်နှင့် Grade-9 ကျောင်းသား မောင်ဇွဲနိုင်ကိုတို့အား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က လည်းကောင်း၊ တတိယဆုရ Grade-9 ကျောင်းသား မောင်ထက်ပိုင်ဇော်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးကလည်းကောင်း၊ နှစ်သိမ့်ဆုရ Grade-8 ကျောင်းသား မောင်ဝေဖြိုးပိုင်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်