၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ မန္တလေးမြို့ ရတနာပုံဥယျာဉ်တွင် လူဦးရေ (၂၀၀၀)ကျော် ပါဝင်ဆင်နွှဲ

မန္တလေး ဒီဇင်ဘာ ၃၀

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားကို လူအများ စိတ်ပါဝင်စားပြီး လေ့လာလိုက်စားခြင်းဖြင့် လူတိုင်းကျန်းမာသန်စွမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်စေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူတစ်စုအားကစားမှ လူထုအားကစားသို့ ဟူသော ရည်မှန်းချက်ကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း တပျော်တပါး ပျော်ရွှင်စွာဆင်နွှဲ လျက်ရှိသည်။

မန္တလေးမြို့တွင်လည်း ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့များ၌ ကျင်းပလျက်ရှိပြီး ဒီဇင်ဘာအားကစားလ၏ နောက်ဆုံးပတ် ယနေ့နံနက် ၆ နာရီတွင် အောင်မြေသာစံ မြို့နယ်ရှိ မန္တလေးနန်းမြို့နှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်၌ စုပေါင်းလမ်း လျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်မှု ကာယလေ့ကျင့်ခန်း၊ Myanmar Fitness Dance များဖြင့် လှုပ်ရှားဆောင်ရွက်ကြရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများက ပျော်ရွှင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူထုစုပေါင်းလမ်းလျှောက်ပွဲအား ရတနာပုံဥယျာဉ်နှင့် ကျုံးရေပြင်ကြား ၁၉လမ်း ဦးထိပ်တံတားထိပ်အနီးရှိ တာလွှတ်နေရာမှ သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးရာ ပြည်သူလူထု စုစုပေါင်းအင်အား (၂၀၀၀)ဦးကျော်က ကျုံးအရှေ့တောင်ဘက် ထောင့်အထိ စုပေါင်းလမ်းလျှောက်ခြင်း ကို စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြပြီး  စုပေါင်း ကိုယ်လက်ကြံ့ခိုင်မှု ကာယလေ့ကျင့်ခန်း အတွဲ(၁/၂) ၊ Myanmar Fitness Dance များဖြင့် တပျော်တပါး လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်