တောင်သာမြို့နယ် ကျောက်ချောဂိတ်မှ ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေး

တောင်သာ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေ ရေးအတွက် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကျောက်ချောစစ်ဆေး ရေးဂိတ်တွင် Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ Test Kit ဖြင်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာတွင် တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှဦးဆောင်၍ တစ်ဦးလျှင်ကျပ် (၁၀၀၀၀)ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မန္တလေး တိုင်းဒေသကြီးဘက်သို့ဝင်ရောက်လာပြီး တောင်သာမြို့တွင်းသို့ ဖြတ်သန်းဝင်/ထွက်သွားလာမည့် ကုန်တင်ယာဉ်များ၊အခြားဒေသမှ ထွက်ခွာလာသည့် ကုန်တင်ယာဉ်များမှ ကျန်းမာရေးစစ်ဆေးချက် ပါရှိသည့် ယာဉ်များကို ဆက်လက်ထွက်ခွင့်ပြုခဲ့ပြီး စစ်ဆေးချက်မပါရှိသည့်ယာဉ်(၄၇)စီးမှယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်(၈၄)ဦးအားစစ်ဆေးခဲ့ရာယနေ့အဖြေအားလုံးမှာ (Negative)ရောဂါပိုး မရှိ စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

တောင်သာမြို့နယ်၌ အဆိုပါ Test Kit ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့မှ ယနေ့အထိ ကုန်တင်ယာဉ်(၃၉၂)စီး၏ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်(၆၉၈)ဦးကို စစ်ဆေးပေးခဲ့ ပြီး(၅)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)