ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ နောက်ဆုံးအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် အပတ်စဉ် စနေနေ့တိုင်း လူထုစုပေါင်းလမ်းလျှောက်ပွဲကို မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ် လျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီက လမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူအများအပြား ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ပြည်ထောင်စုလမ်း၊ ဆွမ်ပရာဘွမ်လမ်းမှ ရုံးကြီးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်ကာယကြံ့ခိုင်မှု အတွဲအမှတ်(၁)၊ (၂)နှင့် Fitness Dance တို့ကို အတူတကွ တစ်ပျော်တစ်ပါး စုပေါင်းလေ့ကျင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ဒုတိယဆုရ ပြည်နယ် အေရိုးဗစ်အသင်း၏ လေ့ကျင့်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ လူထုစုပေါင်းလမ်းလျှောက်ပွဲ တက်ရောက်လာသူများအတွက် စက်ဘီးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို မဲဖောက်ပေးအပ်ခဲ့ကြပြီး အားကစားကွင်းအတွင်း မြားပစ်၊ ဂေါက်သီးရိုက်နှင့် ဂုံနီအိတ်စွတ် အပြေးပြိုင်ပွဲ စသည့်ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကျင်းပမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်