ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း လျှပ်စစ်လုံလောက်စွာရရှိရေး ပူတာအိုမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ရှိ ချောင်းများတွင် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ်မြေအသုံးချမှုကော်မတီ၏ ပထမဆုံးအကြိမ်အဖြစ် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့ ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ မြေသယံဇာတ အရင်းအမြစ်များကို စဉ်ဆက်မပြတ် အထူးအလေးထား စီမံအသုံးချနိုင်ရေး၊ ပြည်နယ်အတွင်း ရေရှည်တည်တံ့သည့် ဘက်စုံဖွံ့ဖြိုးမှုအတွက် စနစ်ကျပြီး ကောင်းမွန်သော မြေအသုံးချမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေး အမျိုးသားမြေအသုံးချမှုကောင်စီ၏ ညွှန်ကြားချက်များနှင့် မူဝါဒပါလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ယနေ့အစည်းအဝေး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်နယ်မြေအသုံးချမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဥက္ကာက ပြည်နယ်မြေအသုံးမှုကော်မတီဖွဲ့စည်းဆောင်ရွက်မှုနှင့် လုပ်ငန်းတာဝန်များ၊ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို လည်းကောင်း၊ ကော်မတီတွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အတွင်း မြေအသုံးချမှု အခြေအနေများနှင့် အမျိုးသားမြေအသုံးချမှုကောင်စီသို့ ဆွေးနွေးတင်ပြချက်များကိုလည်းကောင်း ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ ကော်မတီအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားမြေအသုံးချမှုကောင်စီ၏ ညွှန်ကြားချက်များနှင့် မူဝါဒပါလုပ်ငန်းစဉ်များ အမြန်ဆုံးနှင့် အထိရောက်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပူတာအို ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစွာ ရရှိသုံးစွဲနိုင်ရေး ပူတာအိုမြို့နယ် မူလာချောင်း  ရေအားလျှပ်စစ်စီမံကိန်းနှင့် ခေါင်လန်ဖူးမြို့နယ် အထမ်ချောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံရပ်မိ/ရပ်ဖများနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း‌၊ ယနေ့ မူလာရှီဒီကျေးရွာ အနောက်ဘက် ရှိ မူလာချောင်းရေမှ ခန့်မှန်းခြေ ၇၉၀၀ ကီလိုဝပ်၊ ခေါင်လန်ဖူးမြို့နယ် အထမ်ချောင်းရေမှ ၇၀၀/ ၁၀၀၀ ကီလိုဝပ် စီမံကိန်းတို့ကို တည်ဆောက်နိုင်ရေး ကွင်းဆင်းတိုင်းတာစိစစ်နိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနမှလည်း အဆိုပါ အသေးစားရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစဉ် (၆)ရပ်ကို ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြန်လည်အကြောင်းကြားလာမှုအပေါ် အားလုံးက အကြံပြုဝိုင်းဝန်းဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှအကြောင်း ကြားလာမှုအခြေအနေများနှင့် ကနဦးကွင်းဆင်းစိစစ်တွက်ချက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးဦးခန့်ထက်က ပြည်နယ်အတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာ/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စီမံကိန်းနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လည်းကောင်း၊ ‌ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ဦးစီးမှူး (မြို့ပြ)က စီမံကိန်းများအပေါ် ကနဦးကွင်းဆင်းစစ်ဆေးခဲ့မှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အဆိုပါရေအားလျှပ်စစ်စီမံကိန်းများအား ဒေသအစီအစဉ်ဖြင့် အကောင်အထည် ဖော်‌ဆောင်ရွက်နိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့် လပြည့်ဝန်းကုမ္ပဏီတာဝန်ခံ ဦးရယ်ဒန်းတန်နှင့် တာဝန်ရှိသူများက ဒေသအခြေအနေများ၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မူလာချောင်းရေအားလျှပ်စစ်အား ပြည်နယ်အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် အထမ်ချောင်းရေအားလျှပ်စစ်အား ဒေသတွင်းကုမ္ပဏီက လုပ်ထုံးလုပ်နည်း နှင့်အညီဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ တာလောကြီးတိုက်နယ်မှ ဒေသခံရပ်မိ/ရပ်ဖများနှင့် တွေ့ဆုံပြီး လတ်တလောနယ်မြေအခြေအနေအရ တာလောကြီးတိုက်နယ်မှ အခြေခံပညာဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာစစ်ဌာနဖွင့်လှစ်သွားမည့် အစီအစဉ်များ၊ ယာယီတိမ်းရှောင်လာသော ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တာလောကြီးဒေသရပ်မိ/ ရပ်ဖများနှင့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၁ နာရီခွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် စည်ပင်သာယာရေးမိသားစုများ၏ ခရစ္စမတ်ပွဲတော်သို့ တက်ရောက်ခဲ့ကြပြီး နေ့စားအလုပ်သမားဝန်ထမ်း (၂၀၀)ကျော်တို့အတွက် ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် ၄,၉၂၀,၀၀၀ တန်ဖိုးရှိ တစ်ဦးလျှင် ဆန် (၄) ပြည်စီနှင့် ကြက်ဥ (၃၀)လုံးစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက် (၆)နာရီခွဲက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည့် ခရစ္စမတ်နှင့် ကောက်သစ်စားပွဲတော်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြိုင်ပွဲစတင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မြစ်ကြီးနားဂေါက်ကလပ်ဥက္ကဋ္ဌတို့က စပေးဘောဖြစ်သည့် Golden Smoke ဘောလုံးကို ရိုက်၍ ဖွင့်လှစ်ပေးကြကာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အသင်း (၃၁)သင်းမှ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်